ထိန်းမရအောင် စိတ်ဖိစီးမှုတွေ များလွန်းနေပြီဆိုရင်
ဘယ်လောက်ပဲ စိတ်ဖိစီးမှုတွေကင်းအောင် အကောင်းဆုံးနေထိုင်ကြိုးစားနေပါစေ၊ အနိမ့်အမြင့် အတက်အကျ လျင်မြန်စွာပြောင်းလဲဖြစ်ပျက်နေတဲ့ လူ့ဘဝကြီးမှာ အဆင်မပြေတာတွေ များလွန်းလာတဲ့အခါ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေ ဝင်လာတတ်တာ သဘာဝပါပဲ။
ဒီလိုမျိုး ထိန်းမရအောင် စိတ်ဖိစီးမှုတွေ များလွန်းနေပြီဆိုရင် ဒါကို ပြန်ထိန်းချုပ်ဖို့နဲ့ ကိုယ့်ရဲ့စိတ်ကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်လာနိုင်ပါတယ်။
အကောင်းဆုံးနည်းလမ်းတွေအနေနဲ့
၁။ ကိုယ်လက်လေ့ကျင့်ခန်း များများလုပ်ပေးပါ။ ကိုယ့်ရဲ့စိတ်အာရုံက လေ့ကျင့်ခန်းလုပ်နေတာ၊ ချွေးထွက်ပြီး ပင်ပန်းနေတာ၊ နာကျင်ကိုက်ခဲနေတာ၊ မှန်ပေါ်က ကိုယ့်ရဲ့ကြည့်ကောင်းတွေပေါ် အာရုံစိုက်နေတဲ့အခါ ကျန်တဲ့ စိတ်ညစ်စရာတွေ မမေ့ပျောက်နိုင်ရင်တောင် ခဏတာတော့ လျော့ပါးသွားစေနိုင်ပါတယ်။
၂။ ညဘက်တွေမှာ သေချာအိပ်စက်အနားယူပါ။ အိပ်စက်အနားယူခြင်းဟာ လူတစ်ယောက်ရဲ့ ဦးနှောက်အာရုံကြောစနစ်ကို အနားပေးရာရောက်သလို မလိုအပ်ဘဲ မတွေးမိအောင် ကူညီပေးတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုဟော်မုန်းတွေကို လျှော့ချပေးလို့ အကောင်းမြင်စိတ်တွေ ပိုတွေးမိစေတဲ့အတွက် ခဏခဏ စိတ်ဖိစီးတတ်သူတွေအတွက် လုပ်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါပဲ။
၃။ စိတ်ဖိစီးမှုတွေကနေ ခဏတာရှောင်ထွက်ပါ။ တစ်ခါတလေ စိတ်ဖိစီးမှုတွေကြောင့် မွန်းကြပ်လာတဲ့အခါ ဒါကိုပဲ အတင်းဖြေရှင်းဖို့ကြိုးစားတာထက် ကိုယ့်ရဲ့စိတ်ကို အနားပေးဖို့နဲ့ ပြန်တည်ဆောက်ဖို့ အဝေးတစ်နေရာသွားလိုက်တာ၊ လူတွေနဲ့ ကင်းကင်းနေလိုက်တာ ဒါမှမဟုတ် လူတွေနဲ့ ပိုတွေ့ပေးတာ၊ မိသားစုတွေအတွက် အချိန်ပေးတာတွေ လုပ်ပေးပါ။
၄။ ကိုယ့်ပျော်ရွှင်မှုအတွက် မမေ့ပါနဲ့။ တစ်ခါတလေ ဘဝရဲ့ တာဝန်တွေထမ်းရတာ များလာတဲ့အခါ ပင်ပန်းတာကို မေ့လျော့နေပြီး အရမ်းဆိုးလာတော့မှပဲ ယိုင်လာသွားတတ်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ ကိုယ့်အတွက် သီးသန့်အချိန်ပေးပါ။ ဒီအချိန်မှာ ကိုယ့်ကိုပျော်ရွှင်မှုပေးတဲ့အရာတွေ၊ ကိုယ်ဝါသနာပါတာတွေကို အာရုံစိုက်ပြီး လုပ်ပေးပါ။
၅။ တရားထိုင်ပါ။ တရားထိုင်ခြင်းဟာ ဘာသာရေးအတွက်တင်မကဘဲ စိတ်ကျန်းမာရေးအတွက်ပါ ကောင်းကျိုးများစွာ ဖြစ်စေနိုင်တယ်ဆိုတာကို သိပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ တရားထိုင်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖြစ်ပျက်နေတာတွေကို အာရုံစူးစိုက်မိပြီး၊ ကိုယ့်စိတ်ထဲ ဖြစ်နေတဲ့ ပူလောင်နေတဲ့ခံစားချက်တွေကို ငြိမ်းအေးအောင် ကူညီပေးနိုင်ပါတယ်။
၆။ ယောဂလေ့ကျင့်ခန်းလုပ်ပေးပါ။ ယောဂဆော့တယ်ဆိုတာ သင်ထင်ထားသလို မိန်းကလေးတွေအတွက်၊ လူကြီးတွေအတွက် သီးသန့် လေ့ကျင့်ခန်းမဟုတ်ပါဘူး။ ခန္ဓာကိုယ်ထဲက တင်းမာနေတဲ့ ကြွက်သားနဲ့ အရိုးအဆစ်တွေကို ပြေလျော့စေရုံသာမက စိတ်ထဲမှာဖြစ်နေတဲ့ မကောင်းတဲ့ခံစားချက်တွေကို တိုက်ထုတ်နိုင်ပြီး စိတ်ပေါ့ပါးလန်းဆန်းစေကာ ညဘက်မှာလည်း ကောင်းစွာ အိပ်ပျော်နိုင်အောင် ကူညီပေးနိုင်ပါတယ်။
၇။ အာဟာရဓာတ်စုံလင်အောင် စားပေးပါ။ လူတွေက စိတ်ညစ်ပြီဆိုရင် အချိုဓာတ်၊ အငန်ဓာတ်လွန်ကဲတဲ့ မုန့်အချို၊ အအေး၊ သရေစာတွေကို ပိုစားတတ်ကြပေမယ့် ဒီအစားအစာတွေက သင်ထင်ထားသလို စိတ်ကိုကောင်းကျိုးဖြစ်စေတာမဟုတ်ဘဲ စိတ်ဖိစီးမှုဟော်မုန်းတွေ ပိုထွက်စေဖို့ ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် စိတ်ညစ်လာရင် ကိုယ့်ကိုယ်ကို အရင်ကထက် ပိုဂရုစိုက်ပါ။ အာဟာရပြည့်တာတွေ ပိုစားပေးပါ။ ခန္ဓာကိုယ်က ကြံ့ခိုင်နေတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ပိုပြီးရင်ဆိုင်လာနိုင်ပါတယ်။
၈။ နောက်ဆုံးနည်းလမ်းကတော့ နားလည်တတ်ကျွမ်းတဲ့ ပညာရှင် (Therapist) တွေဆီကနေ စိတ်ပိုင်းဆိုင်ရာ အကူအညီရယူဖို့ပါပဲ။ ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေ ထိန်းမရနိုင်အောင် များလွန်းနေတဲ့အခါ၊ ဒီစိတ်တွေကြောင့် ကိုယ့်ကိုယ်ကို ပြန်ပြီးထိခိုက်လာစေတဲ့အခါ ဒါကိုအမြန်ဆုံး ထိန်းချုပ်နိုင်ဖို့က ပညာရှင်တွေကပဲ အကောင်းဆုံး ကူညီပေးနိုင်ပါတယ်။ အကယ်လို့ ကိုယ်က သူစိမ်းတွေကို ဖွင့်ဟဆွေးနွေးရမှာ ရှက်တယ်၊ စိတ်ထဲ သက်သောင့်သက်သာမဖြစ်ဘူးဆိုရင် ကိုယ်ချစ်ခင်တဲ့ မိသားစု၊ ချစ်ရသူ၊ မိတ်ဆွေတွေကို ဖွင့်ပြောပြပြီး သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေနဲ့ အကြံဉာဏ်တွေကို တောင်းခံပါ။
စိတ်ဖိစီးမှုတွေဆိုတာ များသထက် များလာတာနဲ့အမျှ ခန္ဓာကိုယ်ကနေ Cortisol ဟော်မုန်းတွေ ပိုထုတ်လုပ်စေပြီး ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်မှုကို ထိခိုက်စေတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက် ရေရှည်မှာဆိုးကျိုးတွေပဲ ဖြစ်စေတဲ့ အမူအကျင့်တွေကို ပိုလုပ်တတ်တဲ့အတွက် ဒါကို စောစောသိပြီး ထိန်းချုပ်နိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။
ရဲမျိုးမြတ်